ဓမ္မရာဇဝင်ပဌမစောင် - ၁၉
ဓမ္မရာဇဝင်ပဌမစောင် - ၁၉ အနက်ဖွင့်
(င) ရှောလုထံမှထွက်ပြေးတိမ်းရှောင်ခြင်း (အခန်း ၁၉ – ၂၆)
၁။ ယောနသန်၏သံယောဇဉ်သစ္စာ (အခန်း ၁၉၊၂၀)
၁၉:၁–၇ ဖခင် ရှောလုက ဒါဝိဒ်အား အမှန်တကယ် သေစေလိုကြောင်း ယောနသန်သိရှိသောအခါ ဒါဝိဒ်အား တောတောင်ထဲတွင် ပုန်းအောင်းရန် အကြံပြုသည်။ ရှောလုထံမှ ကြားသမျှသော သတင်းစကားများကို အမြဲလာရောက်သတင်းပေးမည်ဆိုသည်။ တစ်ဖက်တွင် ဖခင်ရှောလုကိုလည်း ဒါဝိဒ်၏ ရဲစွမ်းသတ္တိပြည့်စုံပုံ၊ သစ္စာရှိပုံ၊ ဣသရေလလူမျိုးအတွက် စစ်ပွဲဆင်နွှဲအောင်မြင်ပုံတို့ ထောက်ပြသည်။ သို့ဖြင့် ရှောလုသည် ခဏတစ်ဖြုတ် စိတ်ကြည်လင် အမြင်ဖြူစင်၍ ဒါဝိဒ်အား နန်းတော်သို့ ပြန်ခေါ်စေပြန်သည်။
၁၉:၈–၁၀ စစ်ပွဲအောင်မြင်၍ ရှောလုနန်းတော်ထဲတွင် အောင်ပွဲခံနေကြစဉ် ဒါဝိဒ်သည် စောင်းတီးလျက် ကခုန်နေသည်။ ထိုအခိုက်တွင် ရှောလုထံသို့ ဝိညာဉ်ဆိုးကပ်၍ စိတ်ဖောက်ပြန်သဖြင့် ကိုင်ထားသော လှံတံဖြင့် ဒါဝိဒ်အား အုပ်နံရံ၌ ကပ်စိုက်နေအောင် ထိုးလိုက်သည်။ သို့သော်မထိ။ ဒါဝိဒ်လွတ်သွားသည်။ ဤအကြိမ်သည် တတိယမြောက်လှံထိုးခြင်းဖြစ်သည်။
၁၉:၁၁–၁၇ ထိုနေ့ညတွင်ရှောလုသည် ဒါဝိဒ်အား သတ်ပစ်ရန်ကြံစည်သည်။ ထိုစကားကို ဒါဝိဒ်၏ချစ်ဇနီးမိခါလက ကြားသိသည်။ သို့ကြောင့် ဒါဝိဒ်အားညဉ့်အချိန်တွင် ပြတင်းပေါက်မှ လွှတ်၍ ထွက်ပြေးစေပြီး၊ တေရရုပ်တုကို ဒါဝိဒ်၏ ခုတင်ပေါ်တွင် စောင်ခြုံအိပ်စေသည်။ (ထိုရုပ်တုသည် မိခါလ၏ ကိုယ်ပိုင်ရုပ်တုဖြစ်ပေမည်။ ဒါဝိဒ်သည် ရုပ်ဝါဒီမဟုတ်)။ ရှောလု၏ တပည့်များက ဒါဝိဒ်အား သွားရောက် ဖမ်းဆီးသောအခါ မတွေ့ကြတော့ပါ။
ဒါဝိဒ်နောက်သို့ရှောလုလိုက်သတ်ပုံ
၁။ ဂိဗာမှ ရှမွေလရှိရာ ရာမသို့ ဒါဝိဒ်ထွက်ပြေးခြင်း (၁၉:၁၈)
၂။ နောဗသို့ ဒါဝိဒ်သွားခြင်း (၂၁:၁-၉)
၃။ ဂါသသို့ဆက်သွားခြင်း (၂၁:၁၀)
၄။ ဖိလိတ္တိမှ အဒုလံသို့ (၂၂:၁)
၅။ မောဘသို့မိသားစုလုံခြုံစွာခေါ်ဆောင်ခြင်း (၂၂:၃)
၆။ မောဘပြည်တွင် (၂၂:၄)
၇။ ဟာရက်တောသို့ (၂၂:၅)
၈။ ဒါဝိဒ်ကဖိလိတ္တိလူတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ကိလမြို့ကိုကယ်တင်ခြင်း (၂၃:၅)
၉။ ဇိဖတောကြိုတောင်ကြား၌ ပုန်းအောင်းခြင်း (၂၃:၁၄)
၁၀။ မောနတောလွင်ပြင်တွင် (၂၃:၂၄)
၁၁။ အင်္ဂေဒိတောတွင် (၂၃:၂၉)
၁၂။ ရှောလု၏ အသက်ချမ်းသာပေးပြီး မောဘသို့ပြန်လာခြင်း (၂၄:၂၂)
၁၃။ ကရမေလတောင်သို့ ပုန်းခိုခြင်း၊ အဘိဂဲလနှင့်လက်ထက်ခြင်း (အခန်း ၂၅)
၁၄။ ရှောလုအသက်ဒုတိယအကြိမ်ချမ်းသာပေးခြင်း၊ ဂဒ်သို့ပြန်လာခြင်း (၂၆:၁-၂၇:၂)
၁၅။ ဖိလိတ္တိအာခတ်မင်းက ဒါဝိဒ်အား ဇိကလတ်မြို့ပေးသနားခြင်း (အခန်း ၂၇)
၁၆။ အာဖက်တွင် ဖိလိတ္တိလူတို့နှင့်ပူးပေါင်းခြင်း (၂၉:၁-၃)
၁၇။ ဇိကလတ်ကို သိမ်းပိုက်သူများနောက်သို့ လိုက်လံတိုက်ခိုက်ခြင်း (အခန်း ၃၀)
၁၈။ ရှောလုကွယ်လွန်ပြီးနောက် ဟေဗြုန်သို့ ပြန်လာ၍ နန်းတက်ခြင်း (၂ရာ ၁၊၂)
၁၉:၁၈–၂၃ သေကံမရောက်သက်မပျောက် ဒါဝိဒ်သည် ရာမမြို့သို့ ထွက်ပြေး၍ ရှမွေလနှင့် တွေ့ဆုံသည်။ ဘုရားသခင်၏ လူများဆင်းရဲဒုက္ခမရောက်အောင် ဘုရားသခင်က အချိန်မီ တားဆီးကွယ်ကာပေးသည်။ ရှောလုက သုံးသုတ်တိုင်အောင် ဒါဝိဒ်အား ဖမ်းဆီးရန် လူအုပ်စေလွှတ်သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်က ပူးကပ်သက်ဝင်သဖြင့် ထိုလူအားလုံးသည်လည်း ဒါဝိဒ်အား ရန်မပြုကြသည့်အပြင် ပရောဖက်များဖြစ်သွားကြသည်။ နောက်ဆုံးတွင် ရှောလုကိုယ်တိုင် ဒါဝိဒ်နှင့် ရှမွေလရှိရာ ရာမနယ် နာယုတ်ရွာသို့ ချီတက်သည်။ ရှောလုကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်က ဖမ်းချုပ်ထားသဖြင့် ယခင်လွှတ်လိုက်သော သူ့လူများကဲ့သို့ ဖြစ်သွားဦးသည်။
၁၉:၂၄ ထိုရပ်သူရွာသားများက ကျားသားမိုးကြိုး ရှောလုပရောဖက်အဖြစ်ဆိုးဟု ပြောစမှတ်ပြုလာကြပြန်သည်(၁၀:၁၁-၁၂)။ ရှောလု၏ အပြုအမူသည် နားမလည်နိုင်အောင် ပြောင်းလဲသွားသည်။ အဝတ်မပါဘဲဆိုသည်မှာ ကိုယ်တုံးလုံးဟု ဆိုလိုသည်မဟုတ်။ ဘုရင်ဝတ်ရုံ အဆာင်အယောင်ချွတ်ထားခြင်းဖြစ်သည်။ တနေ့လုံးတညဉ့်လုံး မြေပေါ်တွင် လဲနေသဖြင့် ဒါဝိဒ်လည်း လွတ်မြောက်ရသည်။
အပိုဒ်ငယ် ၂၄နှင့် ၁၅:၃၄-၃၅ တွင်ပါရှိသည်။ “ရှမွေလသည် ရှောလုအား နောက်တဖန် မမြင်လို” ဟူသော စကားနှင့် ဝိဝါဒကွဲပြားစရာမဟုတ်ပါ။ ရှောလုပရောဖက်ပြုခြင်းသည် မမျှော်လင့်သော မတော်တဆမှုဖြစ်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
6
Users Today : 6
Users Yesterday : 8
Users This Year : 1550
Views Today : 21
Views This Month : 262
Views This Year : 5287"
Our Visitor





