တရားဟောရာကျမ်း - ၆
တရားဟောရာကျမ်း - ၆ အနက်ဖွင့်
(ခ) မနာခံသူများထပ်မံသတိပေးချက် (အခန်း၆)
၆:၁–၉ ဣသရေလတို့ ကတိတော်မြေသို့ ဝင်ရောက်ကြသောအခါ စင်ကြယ်သော စိတ်နှလုံးဖြင့် ပြည့်စုံကြဖို့ အလိုတော်ရှိသည်။ ကတိတော်မြေတွင် နာခံသောအသက်တာဖြင့် ချမ်းမြေ့ကြည်လင်စွာ နေစေချင်သည်။ သို့ကြောင့် (ခါနန်ပြည်)၌ လက်တွေ့ အသက်တာတွင် ကျင့်ကြံရမည့် ကျင့်စဉ်များကို အသေးစိတ်ထုတ်ပြထားသည် (ငယ်၁-၂)။ ဣသရေလတို့ကို ယေဟောဝါ ထာဝရဘုရားသခင်အား ဘုရားစစ် ဘုရားမှန်တဆူတည်းသော ဘုရားဖြစ်ကြောင်းသက်သေခံခိုင်းသည် (ငယ်၃၊၄)။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသောအားဖြင့် နှုတ်တော်ထွက်စကားတော်ကို မြေဝယ်မကျနားဆင်ရသည် (ငယ်၅၊၆)။ ဘုရားသခင်၏ ပညတ်တော်များသည် နူးညံ့သိမ်မွေ့ လက်တွေ့ကျ၍ ဣသရေလလူများနေ့စဉ်ဘဝလမ်းညွှန် ဖြစ်သည်။
ခရစ်ယာန်မိဘများသည် ဤကျမ်းချက်ကို သားသမီးတို့အား သိရှိစေရုံမျှမက လက်တွေ့အသက်တာတွင် ကျင့်ဆောင်ဖို့ သွန်သင်ကြရသည်။ သို့ဖြင့်စာသင်ကျောင်းသားများထက် လိမ္မာရေးခြားရှိကြသည်။
ခရစ်တော်ဘုရား လူ့လောကတွင် ရှိနေစဉ်တွင် ယုဒလူများအား ပညတ်တရားကို လက်ထဲတွင် ဆုပ်ကိုင်၍ မျက်လုံးနှစ်လုံးအကြားတွင် အပ်ထားဖို့ သတိပေးထားသည် (ငယ်၈)။ ဆိုလိုသည်မှာ လုပ်ဆောင်ချက်များနှင့် လိုချင်တပ်မက်တတ်သောမျက်စိများအား စောင့်ထိန်းဖို့ဖြစ်သည်။
အပိုဒင်ငယ် ၄-၉ ကို Shema (Heb, ကြားနာခြင်း) ဟု လူသိများ၍ နေ့စဉ်အသက်တာတွင် ကိုးကွယ်ခြင်းဟု အနက်ရသည်။ ၁၁:၁၃-၂၁ နှင့် တော် ၁၅:၃၇-၄၁။
အပိုဒ်(၄)တွင် ပါရှိသည့် “တစ်ဆူတည်းသောဘုရား” ဟူသောဝေါဟာရအသုံးအနှုံးသည် ဓမ္မသစ်ကျမ်းတွင် ပိုမိုပီပြင်ပေါ်လွင်သည်။ တစ်ခုတည်းဟုသာ ဆိုလိုသည်မဟုတ်။ စုစည်း၍ တစ်ခုတည်းဖြစ်ကြောင်း ဖြစ်သည်။ ဘုရားသခင်၏ နာမတော်ကို ဆိုလိုသည်။ ယေဟောဝါ(ဘုရားသခင်)၏ တစ်စုတစ်စည်း တည်းဖြတ်မှုကို ဖော်ဆောင်သည်။ ဧလိုဟိမ် (ဘုရား)၏ သုံးပါးတစ်ဆူဖြစ်မှုကို ဖော်ညွှန်းသည်။ သုံးပါးတစ်ဆူဖြစ်ခြင်းကို ပထမဦးဆုံးနှပ်ကြောင်း ပေးသောကျမ်းချက် ဖြစ်သည်။ ဧလိုဟိမ်ဟု သုံးလျှင် ဧကဝုစ်ကြိယာကလိုက်၍ က ၁:၂၆ တွင် ဗဟုဝုစ် နာမ်စားသုံးသော်လည်း ဧကဝုစ်ကြိယာသုံးထားသည်။ သုံးပါးတစ်ဆူ၏ တစ်စုတစ်စည်းတည်း ဖြစ်မှုဖော်ဆောင်ခြင်းဖြစ်သည် (Daily Notes of the Scripture Union)။
၆:၁၀–၁၅ ပျားရည်နှင့် နို့စီးဆင်းရာကတိတော်မြသို့ ဣသရေလတို့ ဝင်ရောက်၍ စည်းစိမ်ကြွယ်ဝ စည်ပင်ဝပြောသောအခါ အထူးသတိပြုရမည့် အန္တရာယ်မှာ ကယ်တင်ရှင်ဘုရားသခင် မေ့လျှော့ခြင်းနှင့် ဘုရားတုကိုးကွယ်ခြင်း ဖြစ်သည်။ ပညတ်တရား နာခံခြင်းသည် မျက်နှာရစရာမဟုတ်သော်လည်း ချစ်မြတ်နိုးကြောင်း ပြသသည်။ အမှတ်လက္ခဏာဖြစ်သည်။ သမ္မာကျမ်းစာအလိုတော် ချစ်ခြင်းမေတ္တာသည် ပူလောင်သော မေတ္တာမဟုတ်။ စေ့စပ်သေချာဆင်ခြင်ပြီးမှ ချစ်မြတ်နိုးထိုက်သူဖြစ်သောကြောင့် ချစ်မြတ်နိုးသည့် ချမ်းမြေ့သော ချစ်ခြင်းမေတ္တာဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ဝေစုခွဲခန်းမဟုတ်။ ဘဝတစ်သက်တာတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အသက်သွေးကြောလည်းဖြစ်သည်။ ဘုရားသခင်သည် ချစ်သဝန်တိုသော ဘုရားဖြစ်သည်။ သို့ကြောင့် ရွေးချယ်ထားသော လူမျိုး နာခံခြင်းမရှိလျှင် အရေးယူအပြစ်ပေးသည်။ ဖျက်ဆီးပစ်သည်။
၆:၁၆ ခရစ်တော်က ဤကျမ်းပိုဒ်ကို ကိုးကား၍ စူးစမ်းစစ်ကြောသူအား နှုတ်ပိတ်ဖူးသည် (မ၄:၇ နှင့် လု၄:၁၂)။ မဿာအရပ်တွင် ဣသရေလတို့ ရေငတ်ပြတ်ကြစဉ် သူတို့နှင့် အတူဘုရားသခင်ရှိပါရဲ့လားဟု မောရှေကို မေးခွန်းထုတ် ရန်ရှာခဲ့ကြသည် (တော၁၇)။ ဘုရားသခင်၏ ကွယ်ကာစောင့်ထိန်းမှုကို သံသယရှိခြင်းသည် ဘုရားရှင်အား စုံစမ်းခြင်းဖြစ်သည်။
၆:၁၇–၂၅ ဣသရေလတို့၏ နာခံခြင်းသည် စစ်အောင်နိုင်ခြင်းသော့ချက်ဖြစ်သည် (ငယ် ၁၇-၁၉)။ ဘုရားသခင်က အဲဂုတ္တုပြည်မှ ရွေးထုတ်သော ဣသရေလတို့၏ နောင်လာနောက်သားများသည် ပညတ်တော်အား နာခံခြင်းရှိလျှင် ပြည်တော်တွင် ကောင်းစား၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားကြရမည် (ငယ် ၂၀-၂၅)။ အပိုဒ်ငယ် ၂၅ နှင့် ရော ၃:၂၁-၂၂ တို့ယှဉ်ဖတ်ကြည့်ပါ။ “နာခံစောင့်ထိန်းခြင်းရှိလျှင်” ဟု ပညတ်တရားကဆို၍ ကျေးဇူးတော်တရားက “ဘုရားသခင်သည် အပြစ်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း” (၂ကော ၅:၂၁)ဟု ဆိုသည်။ သို့ကြောင့် အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းဖြင့် ဖြစ်ရ၏ (ရော ၄:၅)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
8
Users Today : 6
Users Yesterday : 6
Users This Year : 922
Views Today : 15
Views This Month : 481
Views This Year : 3425"
Our Visitor





