တရားဟောရာကျမ်း - ၃၂
တရားဟောရာကျမ်း - ၃၂ အနက်ဖွင့်
(ခ) မောရှေသီချင်း (အခန်း ၃၂)
၃၂:၁–၃ မောရှေ၏ သီချင်းကို စကားပြေဖြင့်ဤသို့အကျဉ်းချုံးနားလည်နိုင်သည်။ “အာကာဝဠာဘုရားရှင် အသံတော်ကိုနားဆင်လော့။ မိုးစက်နှင်းပွင့်သို့နှယ် လန်းရွှင်စေမည်။ (အပိုဒ်ငယ် ၃သည် ဓမ္မသီချင်း၏ ခေါင်းစဉ်ဖြစ်သည်)။ မောရှေက ဘုရားသခင်၏ ကြီးမြတ်မှုကို ချီးမွမ်းဖွဲ့ဆိုသည်။ ဣသရေလလူများအပေါ်တွင် ပြုတော်မူသော ကြီးမြတ်မှုများကို ပဌနာပြုချီးမွမ်းဖွဲ့ဆိုသော သီချင်းဖြစ်သည်။
၃၂:၄–၉ ဘုရားသခင်က ကြီးမြတ်ခြင်း၊ တရားမျှတခြင်း၊ သစ္စာပြည့်ဝခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း ပြသသော်လည်း ဣသရေလလူတို့က နားမလည် ပါးမလည်ဆန့်ကျင်ကြဆဲ။ ယေဟောဝါဘုရားသခင်သည် ဣသရေလတို့၏ ဆိုးညစ်မှုကိုအပြစ်မမြင်ရက်၊ မြတ်နိုးနေသည်။ ဘုရားသခင်သည် ဣသရေလတို့၏ အဘဘုရားသခင်၊ ဖန်ဆင်းရှင်ဖြစ်သည်။ အမြင့်ဆုံးသောဘုရားသခင်က လူမျိုးအပေါင်းအား ဖြစ်ပွားစေခဲ့ရာတွင် ဣသရေလအမျိုးအား လူမျိုးတော်အဖြစ်ရွေးကေက်ထားသူကို အောက်မေ့ကြလော့။ မေတ္တာတော်နှင့်ကရုဏာတော်ကို အောက်မေ့ကြလော့ဟုဆိုသည်။
၃၂:၁၀–၁၄ ဣသရေလတို့ မွေးဖွားကြီးပြင်းလာပုံနှင့် သူငယ်ဘဝကို အပိုဒ်ငယ် ၁၀တွင် ရှင်းပြထားသည်။ အဲဂုတ္တုပြည်မှ ခေါ်ထုတ်စဉ်ကလည်း ရှေ့ကလမ်းပြသည်။ ကျွေးမွေးစောင့်ရှောက်သည်။ ရွှေလင်းယုန်ငှက်က သိုက်မြုံယံငှက်များ ရင်အုပ်မကွာ အတောင်ပံဖြန့်လျက် သိုဝှက်စောင့်ထိန်း နွေးထွေးစေခဲ့သည်(ငယ်၁၁)။ ဣသရေလမြေတွင် တိုင်းတစ်ပါးလူမျိုးခြားတို့ကိုးကွယ်သော ဘုရားတုမရှိစေရ။ ကောင်းမြတ်သောဘုရားရှင်၏ မေတ္တာတော်ကို ခံစားပြီးမှ ဘုရားတုနောက်သို့ အဘယ်ကြောင့် ရောက်ရှိကြမည်နည်း။ အပိုဒ်ငယ် ၁၃တွင် သီချင်းပြန်ဆက်ပေးထားသည်။ ကတိတော်မြေသို့ ကောင်းချီးမင်္ဂလာ ခံစားကြမည့်အကြောင်း ဆက်ဆိုသည်။
၃၂:၁၅–၂၀ သို့သော် ယောရှုရုန် (ဣသရေလတို့အား စာကဗျာဖြင့် အပေါ်လွှာလူတန်းစားဟု ဖွဲ့ဆိုသည့်စကား)တို့က ဘုရားသခင် မုန်းတီးသော ရုပ်တုဘုရားတု ကိုးကွယ်ခြင်းဖြင့် ဘုရားရှင်အား ဆန့်ကျင်ပုန်ကန်ကြပြန်သည်။ နတ်ဆိုးကိုးကွယ်ချင်ကြသည်။ ရင်သွေးသားသမီးများကို ကြိမ်ဖန်များစွာ မီးရှို့ပူဇော်ကြသည်။ ဘုရားတုရုပ်တုအသစ်များထုလုပ်၍ ကိုးကွယ်ခြင်းဖြင့် မိုက်တွင်းနက်သထက် နက်ကြသည်။ မှီခိုရာ ကျောက်ဆောင်ကြီးကို မေ့လျော့ကြသည်။ ဖခင်အရင်းကို မသိကြတော့ပါ။ သို့ကြောင့် ဘုရားသခင်၏ မျက်နှာတော်လွဲနေကြပြီ။ ထိုသို့ မျက်နှာတော်လွှဲခြင်းခံရသောကြောင့် တိုင်းတစ်ပါးသားတို့၏ ကျူးကျော်ဖမ်းဆီး ကျွန်ပြုခြင်းခံကြရသည်။
၃၂:၂၁–၃၃ ဘုရားရှင်သည် ဣသရေလတို့အား သဝန်တို၍ မျက်နှာတော်လွဲပြီးသောအခါ တစ်ပါးအမျိုးသားများအား ခေါ်ယူသည်။ (ယနေ့အသင်းတော်ကာလဖြစ်သည်)။ ဣသရေလတို့ ညှဉ်းပန်းနှိပ်စက်ခြင်း ဘေးရန်ဒုက္ခအပေါင်း ကြုံတွေ့နေရသည်။ ထိုသို့ ဆင်းရဲဒုက္ခဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့စေသော်လည်း မျိုးကန်းခြင်းမဖြစ်စေလို။ ဣသရေလရန်သူများ၏ ဘုရားသည် ယေဟောဝါ ဘုရားသခင်ထက် ကြီးမြတ်သည်မဟုတ်။ သို့သော်ဣသရေလတို့၏ ဆိုးညစ်မှုကို ဘုရားရှင်က လက်ဖျားခါခြင်း ဖြစ်သည်။
၃၂:၃၄–၄၃ ဣသရေလတို့၏ ရန်သူများအပေါ်ဘုရားသခင်က အရေးယူအပြစ်ပေးမည့်အကြောင်း ဖြစ်သည်။ တူသောအကျိုးခံစားစေခြင်း(ငယ် ၃၅)။ သံသယကောင်းကင်သက်သေထူခြင်း (ငယ် ၃၆)ကို ဘုရားသခင်က ပြသထင်ရှားစေမည်။ ဘုရားသခင်ကိုယ်တော်တိုင် စီရင်မည့်အကြောင်း ကတိတော်ပြုထားသည်။ ဘုရားသခင်ထက် တန်ခိုးကြီးသူမရှိ။ ဘုရားရှင် အလုံးစုံတတ်စွမ်းနိုင်သည်။ ဘုရားသခင်၏ စီရင်ချက်ပြည့်စုံတော်မူကြောင်းကို ငယ် ၄၁၊၄၂တွင် ရှင်းပြထားသည်။ ထိုသို့ပင် ဘုရားသခင်၏ လူမျိုးတော်သည် ပြန်လည်ရှင်သန်ပျော်ရွှင်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ဣသရေလတို့ ရန်သူများအား ဘုရားသခင်က အရေးယူပေးသည်။ ထို့အပြင် ကတိတော်မြေကိုလည်း ဣသရေလတို့အား စိုးပိုင်စေသည်။
၃၂:၄၄–၄၇ မောရှေ၏ သီချင်းတွင် ဣသရေလတို့ သမိုင်းကြောင်းနှင့် ပရောဖက်ပြုချက်များပါဝင်သည်။ မောရှေ၏ သီချင်းဖတ်ရှုနားဆင်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှလုံးသိမ်းသွင်းဆင်ခြင်သူများ ဖြစ်သည်။ “ဤအမှုအရာသည် သာမညအမှုမဟုတ်။ အသက်နှင့်ဆိုင်သော အမှုဖြစ်သည်” ဟုဆိုသည်။
၃၂:၄၈–၅၂ ထို့နောက် ကတိတော်မြေအား အပေါ်စီးမှကြည့်မြင်နိုင်မည့်နေဗောတောင်ထိပ် ပေါ်သို့ ဘုရားသခင်က မောရှေအား ခေါ်ယူသည်။ မေရီဗကာဒေရှတောင်မှာ ပြုမှားသောအပြစ်ကြောင့် မောရှေသည် ပြည်တော်သို့ ဝင်ခွင့်မရ။ သို့နှင့် မောရှေသည် နေဗောတောင်ပေါ်တွင် ကံကုန်၍ မောဘလွင်ပြင်တစ်နေရာတွင် သင်္ဂြိုဟ်ခြင်းခံရသည်။ (၃၄:၆ နှင့်ယှဉ်ဖတ်)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280"
Our Visitor





