တရားဟောရာကျမ်း - ၂၂

1သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။ထွ၊ ၂၃:၄-၅။ 2ညီအစ်ကို ဝေးသော်လည်းကောင်း၊ သူ့ကို မသိသော်လည်းကောင်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည် မရှာ၊ သူ၌ မအပ်မီတိုင်အောင် ကိုယ်အိမ်၌ ထားရမည်။ 3မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစ်စုံတစ်ခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူပြုရမည်။ 4ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။
5မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ 6သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက်နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။ 7သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ်လိုက်ရမည်။ 8လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သောအပြစ် မရောက်မည်အကြောင်း၊ အိမ်အသစ်ကိုဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအတားကို လုပ်ရမည်။ 9စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီးနှစ်ပါးစလုံး ပျက်လိမ့်မည်။ဝတ်၊ ၁၉:၁၉။ 10နွားနှင့်မြည်းကို ဖက်၍လယ်မထွန်ရ။ 11ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ 12သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ကိုဆွဲရမည်။တော၊ ၁၅:၃၇-၄၁။
ကာမစပ်ယှက်ခြင်းဆိုင်ရာပညတ်
13လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တစ်ဖန် ထိုမိန်းမကိုမုန်း၍၊ 14ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကိုပြု၍ သူ့အသရေကိုဖျက်လျှင်၊ 15ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ 16ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကိုမုန်း၍၊ 17သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟုဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာလက္ခဏာသက်သေ ဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။ 18ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကိုယူ၍ ရိုက်ပြီးမှ၊ 19ငွေတစ်ပိဿာကို လျော်စေ၍၊ မိန်းမ၏အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုးကညာ၏အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့်မကွာရ။ 20သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာလက္ခဏာသက်သေမရှိလျှင်၊ 21မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
22လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။ 23အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊ 24ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်လည်းကောင်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်လည်းကောင်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။ 25အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ အခြားသော ယောက်ျားသည် တော၌တွေ့၍ အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျားတစ်ယောက်တည်းကိုသာ အသေသတ်ရမည်။ 26သေထိုက်သောအပြစ် မရှိသောထိုမိန်းမကို သင်သည် အဘယ်သို့မျှမပြုရ။ 27အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူမရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတစ်ယောက်ကို တစ်ယောက် ရန်ပြု၍သတ်သောအမှုနှင့်တူ၏။ 28ယောက်ျားနှင့် မထိမ်းမြားမဆောင်နှင်းသေးသော အပျိုကညာကို အခြားသောယောက်ျားသည်တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊ထွ၊ ၂၂:၁၆-၁၇။ 29ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တစ်သက်လုံး မကွာရ။ 30လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။

တရားဟောရာကျမ်း - ၂၂ အနက်ဖွင့်

(အမူအယာပညတ်ချက်ကိုးပါး (၂၂:၁၂)

          ၂၂: အခန်းကြီး ၂၂သည် ဝတ် ၁၉:၁၈ပါ “သင်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ပညတ်ချက်အား ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထံသို့ပြန်ပေးပါ (ထွ ၂၃:၄-၅)ဟု ဆိုသည်။ အိမ်နီးနားခြင်းများ၏ ပျောက်ဆုံးသောပစ္စည်းများ တွေ့ရှိကောက်ရလျှင်လည်း မနှေးအမြန်ပြန်ပေးရသည်။ တိရစ္ဆာန်ဖြစ်စေ၊ အဝတ်အစားဖြစ်စေ၊ တစ်စုံတစ်ခုဖြစ်စေ၊ သိမ်းဆည်းကောက်မိလျှင် ပိုင်ရှင်မပေါ်မခြင်း၊ မိမိနေအိမ်တွင် စနစ်တကျ သိမ်းဆည်းထားပေးရမည်။

          ၂၂: တစ်စုံတစ်ဦး၏ တိရစ္ဆာန်များ ဒုက္ခရောက်သည်ကိုတွေ့လျှင် မမြင်ချင်ယောင်မဆောင်ရ။ ကူညီပေးရမည်။

၂၂: ယောက်ျားများသည် မိန်းမအဝတ်အစားများ မဝတ်ရ။ အပြန်အလှန်ဝတ်ဆင်ခြင်းလည်းမပြုရ။ ဘုရားသခင် မုန်းတီးသည်။

၂၂: ငှက်ငယ်များကို ငှက်သိုက်မှသိမ်းယူနိုင်သော်လည်း မိခင်ကိုလွှတ်ပေးရမည်။ သို့မှသာလျှင် နောက်တစ်သားပေါက်ဖွားစေနိုင်မည်။

          ၂၂: အိမ်ခေါ်င်မိုးပေါ်မှ လိမ့်ကျခြင်းသည် နိမိလက္ခဏာမကောင်း၊ သို့ကြောင့် ထိုသို့လိမ့်ကျမသေအောင် အရံအတားကြိုလုပ်ထားရမည်။ အိမ်ခေါင်မိုးသည် မိသားစုလွမ်းခိုရာအရိပ်ဖြစ်သည်။ ထိုကဲ့သို့ပင် ယနေ့ခေတ်ကာလတွင်လည်း မြင့်မာသော တိုက်တာအဆောင်အဦးပေါ်မှ ကလေးသူငယ်များ လိမ့်ကျမသေအောင် ဂရုစိုက်ရမည်။

၂၂:၁၁ အောက်ပါအချက်များကို တားမြစ်ထားသည်။ (၁) လယ်ယာခွင်တွင် မတူသော မျိုးစေ့ ရောစိုက်ခြင်း၊ (၂)နွားတစ်ဖက်၊ ကျွဲတွစ်ဖက် လယ်ထွန်ခြင်း(မစင်ကြယ်သောသတ္တဝါနှင့် စင်ကြယ်သောသတ္တဝါ မရောရဟုဆိုလိုသည်)။ ထမ်းပိုးညီရမည်။ (၃)သိုးမွေးထည်နှင့် ပိုးထည်ရောမရက်ရ။ ပထမတားမြစ်ချက်သည် စစ်မှန်သော နှုတ်ကပတ်တော်မျိုးစေ့ကို ရည်ညွှန်းသည်။ ဒုတိယတားမြစ်ချက်သည် မတူညီသော ထမ်းပိုးထမ်းခြင်းဖြစ်သည်။ တတိယအချက်သည် ယုံကြည်သူများအသက်တာတွင် ဖြောင့်မတ်စင်ကြယ်ခြင်းနှင့် လောကီအကျင့်မရောဖို့ သွန်သင်ခြင်းဖြစ်သည်။

၂၂:၁၂ အဝတ်စွန်းလေးဘက်၌ ပန်းပွားတပ်ဆင်ရသည်။ နှုတ်ကပတ်တော်နာခံခြင်းအမှတ်အသား ဖြစ်သည်(တော ၁၅:၃၇-၄၁)။ ထိုသို့ပန်းပွားတတ်ဆင်ရခြင်းအကြောင်းကို လာမည့်ကျမ်းပိုဒ်နှင့်တော ၁၅:၃၇ တို့တွင် ရှင်းပြထားသည်။

(ကာမေသုမေစ္ဆာစာရရှောင်ကြဉ်ခြင်း (၂၂:၁၃၃၁)

          ၂၂:၁၃၂၁ အမျိုးသမီးနှင့် လက်ထပ်ထိမ်းမြားပြီး အပျိုမမှန်ကြောင်း သံသယရှိခြင်းအမှု ကိစ္စဖြစ်သည်။ ထိုမိန်းမသည် အပျိုရည်စစ်မှန်ကြောင်း ပထမဆုံး အိပ်ယာခင်းကို သက်သေပြရမည်။၁၄ အကယ်၍ အပျိုကညာစစ်မှန်ကြောင်း မိဘများက သက်သေပြနိုင်လျှင် ထိုယောက်ျားသည် ငွေဒင်္ဂါးအကျပ်တစ်ရာ ဒဏ်ဆောင်ရသည့်အပြင် ထိုမိန်းမကိုလည်း တစ်သက်လုံးပေါင်းသင်းရမည်။ အကယ်၍ ထိုမိန်းမသည် ထိုယောက်ျားနှင့် အိမ်ထောင်မပြုမီ အခြားယောက်ျားနှင့် အတူတူအိပ်ကြောင်း ထင်ရှား သက်သေတွေ့လျှင် ကျောက်ခဲဖြင့်ပေါက်သတ်ခြင်းခံရမည်။

၂၂:၂၂၃၀ မစင်ကြယ်သော မိစ္ဆာကာမအမျိုးမျိုးကြောင်းဖြစ်သည်။ (၁)ကြာကူလီမှု၌ ဖောက်ပြားသောသူနှစ်ဦးစလုံးသည် သေဒဏ်အပြစ်ခံရမည်။ (၂) ယောက်ျားကအတင်းအဓမ္မပြု၍ ထိုမိန်းမကလည်း အကူအညီအော်မတောင်းလျှင် နှစ်ယောက်စလုံးကာမေသုမေစ္ဆာစာရကျူးလွန်ရာ ရောက်သဖြင့် နှစ်ယောက်စလုံးသေဒဏ်ခံရမည်။ (၃)အကယ်၍ မြို့ပြင်မှာ အဓမ္မမှုဖြစ်၍ အကူအညီတောင်းအော်ခေါ်၍ မကြားသောနေရာဖြစ်လျှင် ယောက်ျားသည် သေဒဏ်ခံရမည်။ မိန်းမသည် အပြစ်ကင်းစင်သည်။

(၄) အပျိုကညာတစ်ဦးအား လက်ထပ်ခြင်းမပြုဘဲ လင်မယားအတူနေလျှင် မိဘသို့ ဒဏ်ကြေးငွေ အကျပ်ငါးဆယ်ဆောင်၍ ထိုအမျိုးသမီးအား လက်ထပ်ထိမ်းမြားရမည်။ (၅) အပိုဒ်ငယ် (၃၀)သည် သွေးသားနီးစပ်သော ဆွေမျိုးသားခြင်းများနှင့် လင်မယားအတူမနေဖို့ တားမြစ်ချက်ဖြစ်သည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 8 2 5
Users Today : 4
Users Yesterday : 9
Users This Year : 929
Views Today : 4
Views This Month : 503
Views This Year : 3447
"