တရားဟောရာကျမ်း - ၂၁

လက်သည်မပေါ်သောလူသတ်မှု
1သင်၏ ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေကောင်ရှိသည်ကိုတွေ့၍၊ အဘယ်သူသတ်သည်ကို မသိလျှင်၊ 2သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာရကြမည်။ 3အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက်ကြီးသူတို့သည် ထမ်းပိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဖူးသေးသော နွားသငယ်ကိုယူ၍၊ 4လယ်မလုပ် မျိုးစေ့မကြဲနိုင်အောင် ရေမပြတ်သောချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊ 5သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းချီးပေးစေခြင်းငှာလည်းကောင်း ရွေးချယ်တော်မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။ 6အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူအပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်းဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကိုဆေးလျက်၊ 7ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့မျက်စိသည် မမြင်။ 8အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက်သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကိုသတ်သော အပြစ်လွတ်လိမ့်မည်။ 9ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သောသူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
အမျိုးသမီးစစ်သုံ့ပန်းများ
10သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဖမ်းယူသောအခါ၊ 11ဖမ်းယူသောသူတို့တွင် အဆင်းလှသောမိန်းမကို မြင်၍ စုံဖက်ခြင်းငှာအလိုရှိလျှင်၊ 12သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကိုပြုလျက်၊ 13ဖမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တစ်လပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဖက်၍ သူသည် သင်၏မယားဖြစ်မည်။ 14နောက်တစ်ဖန် သူ့ကိုမချစ်လျှင်၊ သူ့အလိုအလျောက် သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချသောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
သားဦးအမွေ
15လင်ချစ်သော မယား၊ မုန်းသော မယားနှစ်ယောက်တို့သည် သားကိုဖွား၍၊ အဦးဖွားသောသားသည် မုန်းသောမယား၏သားဖြစ်လျှင်၊ 16ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏သားကို သားဦးအရာ၌ မချီးမြှောက်ရ။ 17မုန်းသောမယား၏သားသည် သားဦးဖြစ်သည်ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည်အဘ၏ ခွန်အားအစဦးဖြစ်၏။ သားဦးအရိုက်အရာနှင့် ဆိုင်ပေ၏။
ပုန်ကန်သောသား
18အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊ 19မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင်၊ 20အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန်သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင်သောသူဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသောသူဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆိုရမည်။ 21မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသတင်းကိုကြား၍ ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။
အထွေထွေပညတ်များ
22သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊ 23အသေကောင်ကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့ချင်းတွင် မြေ၌ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သည် မညစ်ညူးစေမည်အကြောင်း ထိုသို့ပြုရမည်။

တရားဟောရာကျမ်း - ၂၁ အနက်ဖွင့်

(အထွေထွေပညတ်ချက်များ (အခန်း ၂၁၂၅)

(လက်သည်မပေါ်သောလူသတ်မှုပြဿနာ (၂၁:)

          ၂၁: လူသေအလောင်းတွေ့ရှိ၍ လူသတ်တရားခံရှာမတွေ့လျှင် အနီးစပ်ဆုံးရှိ လူကြီးသူမများသည် သူတို့တရားခံမဟုတ်ကြောင်း ဘုရားသခင်ရှေ့၌ ဝန်ခံယဇ်ပူဇော်ရသည်။ နွားဒန်းတစ်ကောင်ကို ရေစီးသော စမ်းချောင်းနားတွင် ယဇ်ပူဇော်ရသည်။ ထိုနွားမအပေါ်သို့ စမ်းချောင်းရေဖြင့် လက်ဆေးကြသည်။ သူတို့ရပ်ရွာတွင် တာဝန်မရှိကြောင်းနှင့် ထိုသို့သွေးမြေခခြင်းသည် မိမိတို့နှင့်မဆိုင်ကြောင်း ဝန်ခံပြန်သည်။ ထိုရပ်ရွာသည် အပြစ်ဒုစရိုက်နှင့် ကင်းစင်ကြောင်းသစ္စာပြုကြရသည်။ လူသတ်မှုနှင့်အနီးစပ်ဆုံးမြို့၏ဝတ္တရား ဖြစ်သည်။

အချို့က ဤကျမ်းချက်ကို “ဘုရားသခင်က သားတော်အပေါ် ပြုသောအမှုမျိုးဖြစ်သည်” ဟု ဆိုကြသည်။ သခင်ယေရှုအသေခံခြင်းသည် ဣသရေလတို့နှင့် တော်စပ်ပတ်သက်၍ တရားလမ်းမှန်သို့ စင်ကြယ်စေသည်။

(စစ်သုံ့ပန်းအမျိုးသမီး (၂၁:၁၀၁၄)

          ၂၁:၁၀၁၄ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသောအမျိုးသမီးကို ချစ်ကြိုက်လျှင် ယုဒထုံးစံအတိုင်းစင်ကြယ်စေပြီးပါက မယားအဖြစ် သိမ်းပိုက်ခွင့်ပြုသည်။ (ခါနန်ပြည်သူများနှင့်မသက်ဆိုင်) သို့သော်ယာယီလည်း ခွင့်ပြုထားသည်။ မကြိုက်မနှစ်သက်လျှင် ပြန်လည်ကွာရှင်းသော်လည်း ရောင်းစားခွင့် မရှိ။ ရက်စက်စွာဆက်ဆံခြင်းမပြုရ။

(သားဦး၏အခွင့်အရေး (၂၁:၁၅၁၇)

          ၂၁:၁၅၁၇ သူ့မိခင်ကို နှစ်နှစ်ကာကာ မချစ်သော်လည်း ချစ်ခင်နှစ်သက်သော မိန်းမထက် ဦးစွာ သားမွေးလျှင် ထိုသားဦးသည် သားဦးအခွင့်အရေးပိုင်ဆိုင်သည်။ ဤကျမ်းပိုဒ်သည် မယားငယ်၊ မယားပြိုင်ကို အသိအမှတ်ပြုခြင်းမဟုတ်။ လူမှုဘောင်မှာ ရှုပ်ထွေးတတ်သော သားဦးအခွင့်အရေးကို ပြဌာန်းခြင်းဖြစ်သည်။ တစ်ခါတရံ ဘုရားသခင်ကိုယ်တိုင်လည်း အကြီးထက်အငယ်များကို အခွင့်အရေးပိုပေးသည်လည်း ရှိပါသည်။ ဥပမာအားဖြင့် ယာကုပ်နှင့်ဧသော၊ ဧဖရိမ်နှင့် မနာရှေ။ ထိုသူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းဖြစ်၍ ခြွင်းချက်ဖြစ်သည်။ ဤဓမ္မသတ်ပြဌာန်းချက်နှင့်မဆိုင်။

(ခေါင်းမာပုန်ကန်သောသားများ (၂၁:၁၈၂၁)

          ၂၁:၁၈၂၁ လူကြီးသူမများစစ်ဆေး၍ ပုန်ကန်သောသားဖြစ်ကြောင်း ထင်ရှားလျှင် ခဲဖြင့် ပေါက်သတ်ပစ်ရမည်။ လု ၁၅တွင် ရှင်းပြသည့်သားပျောက် နောင်တရခြင်းနှင့် နှိုင်းယှဉ်ဖတ်ရှုပါ။

(ကားစင်တင်ခြင်း (၂၁:၂၂၂၃)

          ၂၁:၂၂၂၃ ကျမ်းချက်၏ အနှစ်သာရသည် ခရစ်တော်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်၌ အပြစ်ဒုစရိုက် မရှိသော်လည်း ကားစင်တင်ခံရသည်။ ကျိန်ခြင်းအမင်္ဂလာများကို သယ်ထုတ်သွားသည်။ အလောင်းကို တစ်ညဉ့်လုံး လက်ဝါးကပ်တိုင်ပေါ်၌ မတင်ထားကြ(ယော ၁၉:၃၁ ကိုကြည့်ပါ)။

လူသားများဝိညာဉ်ဖို့၊ ကိုယ်တော်ဝိညာဉ်

ကားစင်ပေါ်မှာ ဝေဒနာခံရရှာ။

ကောင်းကြီးမင်္ဂလာချီးမွမ်းထိုက်ရာထိုအရှင်

သိုးသူငယ်တော်အသေခံရရှာ။

ကိုယ်တော်၌ အကြွင်းမဲ့ပြည့်စုံ

ဘုန်းတန်ခိုးအာနုဘော်အလျှံ

သိုးသူငယ်တော်အသေခံရရှာ။

James Montgomery.

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 9 3 2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716
"