တရားဟောရာကျမ်း - ၁၇
တရားဟောရာကျမ်း - ၁၇ အနက်ဖွင့်
(ဌ) တရားသူကြီးများနှင့် ရှင်ဘုရင်များ (အခန်း ၁၇)
၁၇:၁ ယဇ်ပူဇော်ရမည့် ယဇ်ကောင်များသည် အရောင်အဆင်း၊ ကိုယ်လက်အင်္ဂါ၊ အပြစ်အနာစာမှဲ့ တစ်ပေါက်မစွန်းစေရ။ စင်းလုံးချောဖြစ်ရမည်။ ခြောက်ပြစ်ကင်းသဲလဲစင် ဘုရားသခင်၏ သိုးသူငယ်ပုံဆောင်သည်။
၁၇:၂–၇ တစ်စုံတစ်ဦးသည် ရုပ်တုကိုးကွယ်ရန် ပြင်ဆင်ချဉ်းကပ်နေသည်ဟု မယုံသင်္ကာရှိလျှင် သက်သေနှစ်ဦး၊ သုံးဦးရှေ့မှာ စစ်ဆေးရသည်။ ဟုတ်မှန်ထင်ရှားလျှင် ခဲဖြင့် ဝိုင်းပေါက်သတ်ပစ်ရသည်။
၁၇:၈–၁၃ ဥပဒေကြောင်းရေးရာနှင့် ညှိစွန်း၍ ရပ်ရွာလူကြီးသူမများက ညှိနှိုင်းကြည်အေးအောင် မဖြေရှင်းနိုင်လျှင် တရားသူကြီးထံသို့ ပို့ဆောင်ရမည်။ ယဇ်ပုရောဟိတ်များနှင့် တရားသူကြီးအဖွဲက ထိုအမှုမျိုးကို စုပေါင်း စစ်ဆေးကြားနာရသည်ဟု ၁၇:၉၊ ၁၇:၁၂ နှင့် ၁၉:၁၇ တို့တွင် ပြဌာန်းထားသည်။ ယဇ်ပုရောဟိတ်ကြီး နှင့် တရားသူကြီးချုပ်တို့က ခုံသဘာပတိအဖြစ်ဦးဆောင်ရသည့်အကြောင်း အပိုဒ်ငယ် ၁၂တွင် ပြဌာန်းထားသည်။ ဘုရားသခင်၏ သန့်ရှင်းသောဌာနတော်ရှေ့တွင် စစ်ဆေးကြားနာရသည်။ ထိုခုံသမာဓိ အဖွဲ့၏ အပြီးသတ်သတ်ဆုံးဖြတ်ချက်သည် တရားသေဖြစ်သည်။ ဣသရေလတို့၏ အမြင့်ဆုံးတရားဓမ္မရုံး ဖြစ်သည်။ အကယ်၍ ယဇ်ပုရောဟိတ်ကြီး၊ တရားသူကြီးချုပ်၏ စီရင်ဆုံးဖြတ်ချက် စောဒကထပ်တက်လျှင် သေဒဏ်သင့်ရသည် (ငယ် ၁၂၊၁၃)။
၁၇:၁၄–၂၀ ဣသရေလလူတို့အား စနစ်တကျအုပ်ချုပ်ကွပ်ကဲရန် ရှင်ဘုရင် လိုအပ်ကြောင်း ဘုရားသခင် သိမြင်တော်မူသည်။ နှစ်ပေါင်း (၄၀၀) လုံးလုံး ရှင်ဘုရင်မရှိခဲ့ကြ။ သို့ကြောင့်အရည်အချင်း ပြည့်မီသော ရှင်ဘုရင်ရွေးချယ်ရသည်။ လိုအပ်သောအရည်အချင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဘုရားသခင်ရွေးချယ်ခန့်အပ်သောသူဖြစ်ရသည် (ငယ် ၁၅)။
(၂) ဣသရေလလူမျိုးထဲက ဖြစ်ရသည် (ငယ် ၁၅)။
(၃) မြင်းကောင်ရေအများအပြားမမွေးရ။ စစ်သွေးစစ်မာန်တက်ကြွမည်စိုးသောကြောင့် ကြိုတင်ဟန့်တားခြင်း ဖြစ်သည်(ငယ် ၁၆)။
(၄) လူများအား အဲဂုတ္တုပြည်သို့ပြန်ခွင့်မပြုရ။ မြင်းများယူဆောင်ကုန်မည်စိုးသောကြောင့် ဖြစ်သည်(ငယ်၁၆)။
(၅) မိန်းမအများအပြားမယူရ။ (ထိုသို့တားမြစ်ခြင်းသည် စိတ်အာရုံထွေပြားခြင်းမရှိစေလိုသာမက၊ ရုပ်တုနောက်သို့ ဖျားယောင်းသွေးဆောင်ကြသည်။ စိုးရိမ်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးပရိယာယ်အရ အခြားလူမျိုးများက သမီးကညာဆက်သ မဟာမိတ်ပြုကြသဖြင့် ဘုရားတု ကိုးကွယ်ခြင်း ရောဂါဆိုးပါလာနိုင်သည် (ငယ်၁၇)။
(၆) ရွှေ၊ ငွေ ဘဏ္ဍာအမြောက်အမြား မစုရ။လောဘရမက်တက်၍ ဘုရားသခင်မေ့လျှော့သွားနိုင်သည်(ငယ်၁၇)။
(၇) ဘုရားသခင်၏ပညတ်တော်များကို ဖတ်ရှုရေးမှတ်၍ နာခံရမည်။ သို့ဖြင့်ဘုရားတရားသိရှိ၍ ယဉ်ကျေး သိမ်မွေ့ရသည် (ငယ် ၁၈-၂၀) ပညတ်တရားအစဉ်အမြဲထိန်းသိမ်းခြင်းဖြင့် တိုင်းသူပြည်သားလူအများ၏ ရိုသေလေးစားဖွယ်ရာ စံပြပုဂ္ဂိုလ်ဖြစ်ရမည်။
(၈) မထီမဲ့မြင်ပြုခြင်း၊ မာနထောင်လွှားခြင်းမရှိရ (ငယ် ၂၀)။
ရှောလမုန်ဘုရင်၏ ရွှေခေတ်တွင် ဤအချက်များကိုတစ်ခုမကျန် ဆန့်ကျင်သောကြောင့် သူ့နိုင်ငံတော်သည် သမိုင်းကာလရှည်ကြာခြင်းမရှိဘဲ တိမ်ကော ပျောက်ကွယ်ခဲ့သည် (၃ရာ ၁၀:၁၄-၁၁:၁၀)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





