တရားသူကြီးမှတ်စာ - ၅
တရားသူကြီးမှတ်စာ - ၅ အနက်ဖွင့်
၂။ ဘဝဇာတ်လမ်း (စာကဗျာ) (အခန်း ၅)
၅:၁–၅ ဒေဗောရနှင့် ဗာရက်တို့၏ စာကဗျာတို့သည် ဂန္တဝင်မြောက်စာပေဖြစ်သည်။ ဘုရားသခင်ကို ချီးမွမ်းကြပြီးနောက် ဒေဗောရသည် ဣသရေလလူတို့အား ဧဒုံလူတို့ နယ်နမိတ်ကို ကျော်ဖြတ်၍ ကတိတော်မြေသို့ ပြန်သွားကြရန်ခေါ်သည်။ ထိုကာလတွင် လူအပေါင်းသည် ဘုရားသခင်၏ရှေ့တော်တွင် တုန်လှုပ်ကြသည်။
၅:၆–၇ ထို့နောက် ရှံဂါလက်ထက် ခေတ်ကာလအခြေအနေကို တဖန်နိမိတ်ဖတ်သည်။ မြို့လယ် လမ်းမကြီးများသည် ကန္တာရတောအဖြစ် ခြောက်သွေ့မည်။ ခရီးသွားလာသူများသည်လည်း သူခိုးဓားပြရန် ကြောက်နေကြသည်။ ရွာသားများသည်လည်း မိမိတို့အိမ်တွင်ပင် နှစ်ခြိုက်စွာမအိပ်ရဲကြ။ သို့နှင့် တဖန် ဒေဗောရပေါ်ထွန်းလာပြန်သည်။
၅:၈ အဘယ်ကြောင့်ဆိုသော် ခြံခုန်စရှိသော ဣသရေလတို့သည ရုပ်တုဘုရားတုကိုးကွယ်ကြပြန်သည်။ တိုင်းပြည်အဝှန်းတွင် သွေးချောင်းစီးနေသည်။ ဣသရေလတို့တွင် စစ်တိုက်စရာ စစ်လက်နက်ပစ္စည်းမရှိကြ။
၅:၉–၁၅ သို့သော်လည်း ဘုရားသခင်က ဗာရက်နှင့်ဒေဗောရ ထစေသောအခါ ဣသရေလအများစုသည် သတ္တိသွေးဆူလာပြန်သည်။ ဧဖရိမ်၊ ဗင်္ယာမိန်၊ မာခရိ (မနာရှေအမျိုးထဲမှ)၊ ဇာဗုလုန် နှင့် ဣသခါလူများ တက်ကြွလာကြသည်။
၅:၁၆–၁၇ ရောက်မလာသူများအား ဒေဗောရကမှတ်ထားသည် အားကိုးတကြီး မျှော်လင့်ထားသော ရုဗင်အမျိုးသည် အေးအေးလူလူ သိုးကျောင်းနေကြသည်။ ဂိလဒ်(ဂဒ်) တို့သည် ယော်ဒန်မြစ်ကိုကူး၍ စစ်ကူတိုက်ခြင်းမပြုကြ။ ဒန်လူမျိုးသည် သင်္ဘောဆိပ်နားမှာ၊ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားမှာ ဖာသိဖာသာ ဝမ်းစာရှာနေကြသည်။
တိုက်ပွဲဝင်သူများနှင့် ယေဟောဝါဘုရားသခင်အတွက် စွမ်းစွမ်းတမန် မလုပ်ဆောင်သူများ စာရင်းကို သမ္မာကျမ်းစာတွင် အသေအချာ မှတ်တမ်းတင်ထားသည်။ ယနေ့ခေတ်ကာလတွင်လည်း အမှုတော်တွင် တက်ကြွစွာပါဝင်သူများ၊ တတ်ယောင်ကားများ၊ ဝတ်ကြေတန်းကြေလှုပ်လေလှုပ်လဲ့ ပြုသူများကို ဘုရားရှင်ကြည့်နေပါသည်။ မိမိတို့ လုပ်ဆောင်ကြရသည့်အတိုင်း ဆုချီးမြှင့်ရာ နေ့ရက်ရောက်လာပါမည်။ ထို့အတူ ပျောက်ကွယ်သည့် နေ့ရက်လည်း ရှိမည် (၁ကော ၃:၁၀-၁၅)။
၅:၁၈–၂၂ ဇာဗုလုန်နှင့်နဿလိအမျိုးတို့သည် ယေဟောဝါဘုရားရှင်နာမ၌ ရဲဝံ့စွန့်စားစွာတိုက်ပွဲ ဝင်ကြသည်။ အပျက်အစီးအကျဆုံးမရှိကြ။ ခါနန်ဘုရင်များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြသော်လည်း မနိုင်ကြ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့လူများနှင့်အတူ ရှိတော်မူသည်။ ထိုသူများဘက်တွင် ဘုရားသခင်ရှိနေလျှင် ဆန့်ကျင်ဘက်အဖွဲ့၌ အဘယ်သူရပ်တည်နေနိုင်အံ့မည်နည်း။
၅:၂၃–၂၇ မေရောဇသားတို့သည် ဘုရားလူများဘက်တွင် စစ်ကူသင့်ပါလျက်၊ မကူညီဘဲ လက်ရှောင်ကြသဖြင့် ကျိန်ခြင်းအမင်္ဂလာ သင့်ကြသည်။ ဘုရားသခင်ရှေ့တွင် လုပ်သင့်လုပ်အပ်ပါလျက် ကောင်းသောအမှု မပြုသောသူသည် အမင်္ဂလာရှိသည်ဟု မှတ်ယူရမည်။ ထိုထဲမှာ သိသရစစ်သူကြီးကို ပရိယာယ်ဖြင့် သုတ်သင်နိုင်သော အာဂသူရဲကောင်း အမျိုးသမီး ယေလပေါ်ထွန်းခဲ့သည်။ ထိုအမျိုးသမီးသည် ဘုရားသခင် ကောင်းကြီးမင်္ဂလာပေးထားသူ ဖြစ်သည်။ သခင်ယေရှု၏ မယ်တော်သည် ကောင်းကြီး မင်္ဂလာခံစားကြသော အမျိုးသမီးများအနက် အထူးကောင်းကြီးမင်္ဂလာခံစားသူဖြစ်သည် (လု ၁:၄၂)။
၅:၁၈–၃၁ ထိုအချိန်သည် စစ်သူကြီး သိသရ၏မိခင်က အောင်ပွဲနှင့်အတူ ပြန်လာမည့် သားတော်မောင်အား မှန်ရွှေပြတင်းပေါက်က မျှော်တလင့်လင့်လည်ပင်းရှည်ချိန်ဖြစ်သည်။ အဘယ်ကြောင့် မပေါ်လာသေးသနည်းဟု တွေးပူနေသည်။ အမျိုးသမီးပညာရှိတစ်ပါးကမူ သိမ်းဆည်းရမိသော ပစ္စည်းများအား ငယ်သားများသို့ ခွဲဝေပေးနေ၍ နောက်ကျခြင်းဖြစ်ပေလိမ့်မည်ဟု နှစ်သိမ့်သည်။ သို့သော် သိသရသည် ဘယ်သောအခါမှ ပြန်မလာတော့ပါ။ သူ့ဘဝသည် ယေဟောဝါဘုရား၏လူများ လက်ထဲတွင် ဇီဝိန်ချုပ်သွားပြီ။
အခြားတစ်ဘက်တွင်မူ ဘုရားသခင်၏ လူများရှေ့၌ ထွန်းသစ်စ နေရောင်ခြည်ဖြာထွက်လာသည်။ သိသရကျဆုံးပြီးသောအခါ ထိုအရပ်ဒေသသည် နှစ်ပေါင်း (၄၀)လုံးလုံး အေးချမ်းသာယာသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
8
Users Today : 8
Users Yesterday : 8
Users This Year : 1552
Views Today : 23
Views This Month : 264
Views This Year : 5289"
Our Visitor





