တရားသူကြီးမှတ်စာ - ၁၁

1ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည့်တန်ဆာဖြစ်၏။ 2ဂိလဒ်၏မယား ဖွားမြင်သောသားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကိုဆို၍ နှင်ထုတ်လေ၏။ 3ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာစည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။ 4နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။ 5ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့သည် ယေဖသကို တောဘပြည်မှခေါ်ခြင်းငှာသွား၍၊ 6ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်းလုပ်ပါဟု မှာလိုက်သော်၊ 7ယေဖသက၊ သင်တို့သည် ငါ့ကိုမုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။ 8ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွတ်လုပ်ပါဟု ယေဖသအားတောင်းပန်ပြန်သော်၊ 9ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှာ သင်တို့သည် ငါ့ကိုပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွတ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊ 10ဂိလဒ်ပြည်သား အသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့်ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။ 11ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့်သွား၍ သူ့ကို လူများတို့၏အထွတ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဇပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။
12ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှာ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟုမေးသော်၊ 13အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခု အသင့်အတင့်ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။ 14တစ်ဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊ 15ယေဖသမှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။ 16ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှရွာသို့ ရောက်သောအခါ၊ 17ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။တော၊ ၂၀:၁၄-၂၁။ 18နောက်တစ်ဖန် တောကိုလျှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည်အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တစ်ဖက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြား ဖြစ်သတည်း။တော၊ ၂၁:၄။ 19တစ်ဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှာ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊ 20ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို လျှောက်သွားစေခြင်းငှာ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။ 21ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတစ်လျှောက်လုံးကို သိမ်းယူကြ၏။ 22အာမောရိပြည် နယ်မြေတစ်လျှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။တော၊ ၂၁:၂၁-၂၄။ 23ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုးရှေ့မှာ သူတို့ပြည်ကို နုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။ 24သင်၏ဘုရား ခေမုရှအပိုင်ပေးသောမြေကို သင်သိမ်းယူရသည် မဟုတ်လော။ ထိုအတူ ငါတို့ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည်သိမ်းယူရ၏။ 25သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဖူးသလော။ စစ်တိုက်ဖူးသလော။တော၊ ၂၂:၁-၆။ 26ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌လည်းကောင်း၊ အာရော်မြို့ရွာတို့၌လည်းကောင်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌လည်းကောင်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။ 27သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့ တရားစီရင် ဆုံးဖြတ်တော်မူပါစေသောဟု မှာလိုက်လေ၏။ 28သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲနေ၏။
29ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုလျှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။ 30ယေဖသသည် ထာဝရဘုရားအား သစ္စာကတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊ 31အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှာ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ် ပူဇော်ပါမည်ဟု သစ္စာကတိထားပြီးမှ၊ 32အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊ 33အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်လည်းကောင်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်လည်းကောင်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။
ယေဖသ၏သမီး
34ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက် ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၏။ သူသည် တစ်ယောက်တည်းသောသမီးဖြစ်၍၊ သူမှတစ်ပါး သားသမီးမရှိ။ 35ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီတကား။ ငါ့ကို နှောင့်ယှက်သောသူတစ်ယောက် ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီ။ နုတ်ရသောအခွင့်မရှိဟု ဆိုသော်၊တော၊ ၃၀:၂။ 36သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှာ အပြစ်ပေးတော်မူပြီ။ 37သို့ရာတွင် ကျွန်မသည် အပေါင်းအဖော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊ 38အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကိုချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဖော်တို့နှင့်တကွသွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။ 39နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာကတိရှိသည်အတိုင်းပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသောသူဖြစ်၏။ 40ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသား ယေဖသ၏သမီးကြောင့် တစ်နှစ်တစ်နှစ်လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှာသွားရသော ဣသရေလထုံးစံဓလေ့ဖြစ်လေ၏။

တရားသူကြီးမှတ်စာ - ၁၁ အနက်ဖွင့်

၂။ ယေဖသက ဣသရေလတို့ ခုခံကာကွယ်ခြင်း (၁၁:၁ ၂၈)

          ၁၁: ယေဖသသည် ဤအချိန်ကာလ၏ လူသားဖြစ်သည်။ ဂိလဒ်အမျိုး၊ ခွန်အား ဗလတောင့်တင်းသူ၊ ပြည့်တန်ဆာမ၏သား ဖြစ်သည်။ မိမိလူမျိုးက လက်မခံကြသဖြင့် တောဘအရပ် (ဆီးရီးယားပြည်)တွင် နေ၍ နေရာအတည်တကျမရှိ၊ ခြေသလုံးအိမ်တိုင်သမားများကို စုစည်းခေါင်းဆောင်သည်။

၁၁:၁၁ ဂိလဒ်ပြည်အား အမ္မုန်အမျိုးက တိုက်ခိုက်လာကြသောအခါ ဂိလဒ်လူကြီးမင်းများသည် ဣသရေလတပ်ပေါင်းစုကြီးအား ကြီးကြပ်ကွပ်ကဲရန် ယေဖသအား လာရောက်တောင်းဆိုကြသည်။ အကယ်၍ စစ်ပွဲအောင်နိုင်လျှင် အမျိုးအဖြစ် ပြန်လည်လက်ခံမည်ဟု ကမ်းလှမ်းကြသည်။

ဤနေရာတွင် ယေဖသသည် ခရစ်တော်နှင့်ပုံတူချင်သည်။ မွေးဖွားပုံချင်းနှင့် ညီအကိုများက အသိအမှတ်မပြုကြပုံချင်း ဆင်သည်။ တစ်မျိုးသားလုံးနှင့်ယှဉ်၍ ဝန်ထုပ်ဝန်ပိုးကျရောက်သောအခါ တစ်ခါက ပထုတ်ခဲ့သောသူကို ပြန်လည်သတိရကြသည်။ ထိုသို့ဖြင့် ယေဖသသည် ဂိလဒ်လူကြီးများနှင့် အပေးအယူသဘောတည့်သွားကြသည်။ ဘုရားသခင်ရှေ့ ၌လည်း သက်သေထွက်ဆိုကြသည်။

၁၁:၁၂၂၈ ယေဖသက အမ္မုန်မင်းထံ သတင်းစကားပါးလိုက်သည်။ အဘယ်ကြောင့် ပုန်ကန်တိုက်ခိုက်ကြသနည်းဟု မေးသည်။ အမ္မုန်မင်းက ဣသရေလတို့သည် အဲဂုတ္တုပြည်မှ ထွက်ရှိလာစဉ်ကတည်းကပင် အမ္မုန်လူတို့၏ နယ်မြေများကို လုယက်ခိုးယူခဲ့ကြသည်ဟု စွပ်စွဲလိုက်သည်။ ထိုသို့မဟုတ်ရပါကြောင်း ဘုရားသခင်က ဣသရေလလူတို့အား ဧဒုံလူမျိုးနှင့် မရောနှောဖို့ တားမြစ်ထားကြောင်း (တရား ၂:၄-၅)၊ မောဘလူ (တရား ၂:၉) သို့မဟုတ် အမ္မုန်လူ (တရား ၂:၁၉)တို့သည် ယုဒလူမျိုးနှင့် သွေးဝေးကြပါသည်။ ထို့ကြောင့် ဧဒုံလူနှင့် မောဘလူတို့၏ နယ်မြေကိုဖြတ်သန်းခြင်းဖြစ်ကြောင်း ယေဖသကရှင်းပြသည်။ သို့သော် အမ္မုန်နယ် ဖြတ်ကျော်လာစဉ် ရှိဟုန်မင်းကို ဖမ်းဆီးခဲ့ကြကြောင်း၊ အမ္မုန်ပိုင် ဥစ္စာပစ္စည်းများကို သိမ်းပိုက်ခဲ့ကြကြောင်း အမ္မုန်မင်းက ထောက်ပြသည်။

ထို့ကြောင့် မပြေးသော်လည်း ကန်ရာရှိသောကြောင့် ယေဖသသည် မလွဲရှောင်သာဘဲ စစ်ရေးပြင်ဆင်ရသည်။

ယေဖသ၏ကတိသစ္စာ (၁၁:၂၉ ၄၀)

          ၁၁:၂၉၄၀ ယေဖသက တိုက်ပွဲမဝင်မီ ဤသို့ ကတိသစ္စာပြုသည်။ အကယ်၍ စစ်မြေပြင်မှ အောင်ပွဲနှင့်အတူ ပြန်လာလျှင် ပထမဦးဆုံး ဆီးကြိုသူ အိမ်သားအား ဘုရားသခင်ထံ ယဇ်ပူဇော်မည်ဟု ဆိုသည်။ ဘုရားသခင်က စစ်ပွဲအောင်မြင်ခွင့်ပေးသောကြောင့် အိမ်သို့ပြန်လာသောအခါ ယေဖသအား ပထမဦးဆုံး ကြိုဆိုသူ အိမ်သားအား ဘုရားသခင်ထံ ယဇ်ပူဇော်မည်ဟု ဆိုသည်။ ဘုရားသခင်က စစ်ပွဲအောင်မြင်ခွင့်ပေးသောကြောင့် အိမ်သို့ပြန်လာသောအခါ ယေဖသအား ပထမဦးဆုံး ကြိုဆိုသူမှာ တစ်ဦးတည်းသောသမီးပျို ဖခင်အသည်းစွဲမလေး ဖြစ်နေသည်။ ထို့ကြောင့် ကတိသစ္စာပြုသည့်အတိုင်း ပြုရသည်။

ဤကျမ်းချက်နှင့်ပတ်သက်၍ စဉ်းစားစရာများစွာရှိသည်။ ယေဖသသည် သူ့သမီးကို အမှန်တကယ် ယဇ်ကောင်အဖြစ်ပူဇော်ပါသလား၊ ကျမ်းစာမူရင်းအတိုင်းဆိုလျှင် သူ့သမီးကိုသတ်၍ ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာ ယဇ်အဖြစ် ပူဇော်ရမည်။ ကျမ်းစာမူရင်းအတိုင်းဆိုလျှင် မှန်ကန်ပါသော်လည်း လူသားဖြင့် ယဇ်ပူဇော်ခြင်းသည် စက်ဆုပ်ရွံ့ရှာစရာဖြစ်သကဲ့သို့ ဘုရားသခင်ကလည်း အသိအမှတ်မပြု (တရား ၁၈:၉-၁၄)။ တိရစ္ဆာန်များဖြင့်သာလျှင် ပြန်လည်ရွေးယူရသည် (ထွ ၁၃:၁၂-၁၃၊ ဝတ် ၂၇:၁-၈)။

အခြားရှုဒေါင့်တစ်ခုမှာ ယေဖသက သူ့သမီး အပျိုစင်မှန်ကန်ခြင်းဖြင့် ဘုရားရှင်အား ပူဇော်ခြင်းဖြစ်သည်။ ယေဖသရှေ့တန်း စစ်မြေပြင်မှ ပြန်လာစဉ် မှန်ပြတင်းပေါက်ဖွင့်၍ ပထမဦးဆုံး ကြိုဆိုသူကိုအား သခင်အား ဆက်သမည် သို့မဟုတ် မီးရှို့ပူဇော်မည်ဟု ဆိုခြင်းဖြစ်နိုင်သည် (ငယ်၃၁)။ သူ၏ သမီးပျိုကညာ၏ စစ်မှန်ကြောင်းကို အငယ်၃၇-၃၉တွင် တွေ့ရသည်။ သို့သော်လည်း ဤကျမ်းချက်၏ အဓိပ္ပါယ်ကို တိကျဖွင့်ဆိုနိုင်ခြင်းမရှိပါ။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 4 6
Users Today : 6
Users Yesterday : 8
Users This Year : 1550
Views Today : 21
Views This Month : 262
Views This Year : 5287
"