ဆာလံကျမ်း - ၉၃

ဘုရားသခင်၏ကြီးမြတ်ခြင်း
1ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက်ရှိ၏။ 2ကိုယ်တော်၏ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲ ဖြစ်တော်မူ၏။ 3အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။ 4ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။ 5သက်သေခံတော်မူချက်တို့သည် အလွန် မြဲမြံကြပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်းပါရမီသည် အစဉ်အမြဲ အိမ်တော်၏အသရေဖြစ်ပါသတည်း။

ဆာလံကျမ်း - ၉၃ အနက်ဖွင့်

ဆာ ၉၃ ထာ၀ရဘုရင် ထာ၀ရပလ္လင်တော်

၉၃: သခင်ယေရှုသည် ရာဇပလ္လင်တော်ပေါ်တွင် စိုးစံတော်မူသောအခါ ဘိသိက်ရတုပုဒ်စုံ အမျိုးမျိုးဖြင့် ပူဇော်ကန်တော့ကြမည်။ ထိုသီချင်းများအနက် ဆာ၉၃သည်လည်း တပုဒ်အပါအ၀င်ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင်ကလည်း သူသည် ဣသရေလဘုရင်မှန်ကြောင်း ထုတ်ဖော်ကျေညာမည်။ လူ့လောကသို့ ပထမအကြိမ်ကြွလာစဉ်ကဲ့သို့ ရိုကျိုးအောက်ကျို့သော ဟန်ပန်ရှိမည်မဟုတ်။ ရှင်ဘုရင်ဖြစ်တော်မူသည့် အတိုင်း တိုင်းခန်းပြည်ဝါ တင့်တယ်စွာကြွလာမည်။ တကမ္ဘာလုံးကို အုပ်စိုးမည့်အကြောင်း အတိအလင်း ထုတ်ပြန်ကျေညာမည်။ ကမ္ဘာသူကမ္ဘာသားများကလည်း ခေါင်းညိမ့်၀န်ခံကြမည်။ အကျင့်စာရိတ္တ ဖောက်ပြား ယိုယွင်းမှုနှင့် နိုင်ငံရေးပရိယာယ် ငြင်းဆန်မှုများပပျောက်သွားမည်။

ယေဟောဝါဘုရားရှင်၏ပလ္လင်တော်သည် နိစ္စထာ၀ရရှိနေသော်လည်း အနှစ်တထောင်တိုင်းပြည် အာရုဏ်ကျင်းမှသာပီပြင်စွာ တွေ့မြင်ကြမည်။ ဘုရှင်ကြီးကိုယ်တိုင်သည်နိစ္စထာ၀ရတည်တော်မူသည့်အတိုင်း အမိန့်အာဏာတော်သည်လည်း ရာသက်ပန်ရှိနေမည်။

၉၃: ဆာလံဆရာက ရေလွှမ်းမိုး၍ လှိုင်းလုံးကြီးများခက်ထန်မည်ဟုဆိုသည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏လူများကို ဖိစီးနှိပ်စက်ကြသည့်တပါးအမျိုးသားကိုဘုရားရှင်က နှိပ်ကွပ်မည့်အကြောင်းဖြစ်သည်။ ထိုတပါးအမျိုးသားတို့၏ကြိုးပမ်းမှုသည် အချိန်ကုန်လူပန်းခဲ့လေသမျှ သဲရေကျဖြစ်မည်။ တခဏသာခံမည်။ အသံကုန်လွှင့်၍ မာနထောင်လွှားဝါကြွားကြသော်လည်း ထိုသူတို့ဘုရားထက် ယေဟောဝါဘုရားသခင်အားကြီးတော်မူကြောင်းတွေ့ရှိလာကြမည်။

၉၃: ဘုရားသခင်၏ စကားတော်များသည် ပရမတ္တသစ္စာဖြစ်ကြောင်းသိရှိလာကြမည်။ ဖြောင့်မတ်သူများက မတော်မတရားသူများအပေါ်သို့ အဆုံးတွင် အနိုင်ယူမည့်ပရောဖက်ပြုချက် မှန်ကန် ကြောင်းတွေ့မြင်လာကြမည်။ ယေရုရှလင်ဗိမာန်တော်မှ မကောင်းဆိုးဝါးများ ရှင်းထုတ်ကြမည်။ ဘုရားသခင်၏ အိမ်တော်ကို သန့်ရှင်းစင်ကြယ်စေကြမည်။

ဟေရှာ ၂၃:၂၈၊ ဇာ ၁၄:၂၁၊ဗျာ ၄:၈တို့တွင် ဗျာဒိတ်ပေးသည့်အတိုင်း ကိုယ်တော်အုပ်စိုး မင်းမူသည့်အခါ ပတ်၀န်းကျင်အရာခပ်သိမ်းသည်လည်း စင်ကြယ်သန့်စင်သွားမည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 4 6
Users Today : 6
Users Yesterday : 8
Users This Year : 1550
Views Today : 21
Views This Month : 262
Views This Year : 5287
"