ကမ္ဘာဦးကျမ်း-၁၆

ဟာဂရနှင့်ဣရှမေလ
1အာဗြံ၏မယားစာရဲ၌ သားဖွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတစ်ယောက်ရှိသည်ဖြစ်၍၊ 2စာရဲက၊ အကျွန်ုပ်အားသားဖွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။ 3ထိုသို့အာဗြံသည် ခါနာန်ပြည်၌ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တုပြည်သူဟာဂရကိုယူ၍၊ မိမိခင်ပွန်းအာဗြံသိမ်းပိုက်စေဖို့ အပ်နှင်းလေ၏။ 4အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ 5စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသောဟု၊ အာဗြံအားဆိုလေ၏။ 6အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြုပါလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကိုညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှထွက်ပြေးလေ၏။
7ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့လျှင်၊ 8စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှပြေးလာပါသည်ဟု ဆိုလေ၏။ 9ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကိုခံလော့ဟု အမိန့်ရှိ၏။ 10တစ်ဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည်ဟူ၍လည်းကောင်း၊ 11သင်သည်ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။ 12သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်းလူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကိုအပေါင်းတို့၏အပါး၌ နေရလိမ့်မည်ဟူ၍လည်းကောင်း မြွက်ဆိုလေ၏။ 13ထိုသို့မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလရော ဟူသောအမည်ဖြင့်ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။ 14ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာရှိသတည်း။
15ထိုနောက်၊ ဟာဂရသည်အာဗြံအား သားကိုဖွားမြင်၏။ အာဗြံလည်း ဟာဂရတွင်မြင်သောသားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။ 16အာဗြံသည်၊ သားဣရှမေလကို ဟာဂရဖွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။

ကမ္ဘာဦးကျမ်း-၁၆ အနက်ဖွင့်

၅။ လူ့ဇာတိသား ဣသမေလ (အခန်း ၁၆၁၇)

          ၁၆: ပြတ်တောက်ရပ်စဲခြင်းမရှိ၊ တစ်နွယ်ငင် တစ်ပင်လိုက်ပါတတ်သော အပြစ်ဒုစရိုက် အကြောင်း တွေ့ရသည်။ စာရာသည် သားရမည့်အကြောင်း ဘုရားသခင်၏ ကတိတော်ကို မစောင့်နိုင်ဘဲ သူ့ယောက်ျား အာဗြဟံအား ကျွန်မ ဟာဂရ နှင့် အတူတူအိပ်ခိုင်းသည်။ အဲဂုတ္တုပြည်မှ ပါလာသော ဝိညာဉ်ဆိုး ဖြစ်သည်။ ဘုရားသခင်သည် တရားတော်နှင့် အညီ လက်ထပ်ထိမ်းမြားခြင်းမပြုသော အိမ်ထောင်စုအား မရှုတ်ချသော်လည်း အသိအမှတ်မပြု။ ဟာဂရ ကိုယ်လေးလက်ဝန် ရှိလာသောအခါ သားမမွေးနိုင်သော အမြုံမ အဖြစ် သူ့ သခင်မကိုသရော်သည်။ သို့နှင့် စာရာသည် အာဗြဟံအား ဖျောင်းဖျပြီး ကျွန်မ ဟာဂရကို အိမ်မှ နှင်ချ မောင်းထုတ်ခိုင်းသည်။ ဤအဖြစ်အပျက်သည် ကျေးဇူးတော်နှင့် ပညတ်တရား ကွာခြားချက် ဖြစ်သည်။ မည်သို့မျှ ပေါင်းစပ်၍ မရနိုင် (ဂလာ ၄:၂၁-၃၁)။ အချို့ ကျမ်းတတ် ပုဂ္ဂိုလ်များက ဤကဲ့သို့ အိမ်မှ နှင်ချမောင်းထုတ်ခြင်းသည် ခရစ်ယာန်အကျင့်နှင့် မညီဟု ဝေဖန်ကြသည်။

၁၆:၁၅ အဲဂုတ္တပြည်သွားလမ်း ရှရ အရပ်တွင် ကန္တာရထဲ၌ ဟာဂရ ဆင်းရဲဒုက္ခ ရောက်နေစဉ် ဘုရားသခင်၏ ကောင်းကင်တမန်ပေါ်လာသည်။ ထိုသူသည် သခင်ခရစ်တော်ဖြစ်သည်ဟု Christophany ဝါဒီများက ဆိုကြသည်။ (တရား ၆ တွင် ရှင်းပြသည့် ဘုရားသခင်၏ ကောင်းကင်တမန်များ အကြောင်းကို ကြည့်ပါ)။ ကောင်းကင်တမန်က ဟာဂရအား သခင်မ စာရာထံသွား၍ ဝန်ချတောင်းပန်ဖို့ တိုက်တွန်းသည်။ သူမ၏ သားကိုလည်း လူမျိုးကြီး၏ ဖခင်ဖြစ်စေဖို့ ကတိပြုခဲ့သည်။ ထိုကတိတော်သည် ပြည့်စုံကြောင်း အာရပ်လူမျိုးကို ကြည့်ရှုခြင်းဖြင့် နားလည်နိုင်သည်။ ပြန်သွား၍ ဝန်ချတောင်းပန် ဟူသော စကားရပ်သည် လူတိုင်း၏ ဘဝတစ်ဆစ်ချိုးကွေ့၊ ဘုရားသခင်ထံတော်သို့ ဦးလည်မော့ခြင်းဖြစ်သည်။

အပိုဒ်ငယ်(၁၃)တွင် ပါရှိသော ဟာဂရ၏ စကားကို ဖတ်ကြည့်ပါ။ ငါ့ကို မြင်တော်မူသောသူအား ဤအရပ်၌ ငါမြင်ဖူးသည်။ “ထိုကောင်းကင်တမန်ပြသော ရေတွင်းကိုလည်း “Beer lahai Roi” နာမည်တွင်သည်။ (အဓိပ္ပါယ်မှာ စကားပြေဖြင့် ပြောရလျှင် အကျွန်ုပ်တွေ့မြင်၍ အသက်ဆက်ပေးသော နေရာ)၁၄ ဖြစ်သည်။

၁၆:၁၆ ဟာဂရက ဣသမေလမွေးဖွားချိန်တွင် အာဗြဟံသည် အသက်(၈၆နှစ်ရှိသည် ဣသမေလ၏ အဓိပ္ပါယ်မှာ ‘ဘုရားသခင်က နားညောင်းသည်’ ဖြစ်သည်။ ဤနေရာတွင် ဟာဂရသည် ပညတ်တရား အသွင်ဆောင်၍ စာရာသည် ကျေးဇူးတော် ဆောင်သည် (ဂလာ ၄ ကိုကြည့်)။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 9 2 1
Users Today : 4
Users Yesterday : 2
Users This Year : 1025
Views Today : 11
Views This Month : 748
Views This Year : 3692
"